အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇ လူပျော့တွေ ထောင်တဲ့ အလံဖြူမှာ လူညံ့တွေ အောင်ပွဲခံနေကြပြီ ဂျနီဖာ။ ဒီကဗျာကို ငါ ဘယ်လိုဆက်ရေးရမလဲ သူတို့မြှောက်လိုက်တဲ့ ဝိုင်ခွက်တွေထဲမှာ ပြိုလဲသွားတဲ့ အရေးတော်ပုံတခုကို ငါမြင်နေရတယ် လှည့်ဖြားခံရတဲ့ မျိုးဆက်တဆက်ကို ငါမြင်နေရတယ် အခါခါသေနေတဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို ငါမြင်နေရတယ်။ သူတို့ ဝိုင်ခွက်တွေ မြှောက်လိုက်ကြပြန်ပါပြီ ဒီတခါ ချီးယားစ်လို့ အော်လိုက်သံဟာ ပြောပလောက်အောင်မလင်းလှတဲ့ ရှိစုမဲ့စု အလင်းစကို အမှောင်ညထဲ ဆွဲနှစ်ပစ်ခဲ့ပြီ ညဟာလည်း အမှောင်မှာ ကျင့်သားရဖို့ကြိုးစားရင်း ညည်းတွားလို့။ အန္တရာယ်အငွေ့အသက်ကိုရတဲ့ သားကောင်လို ထိတ်လန့်မှုမျိုးနဲ့ အသက်ရှူနှုန်းမြန်မြန်လာတဲ့ မြို့တော်ဟာ အောက်စီဂျင် ပိုမိုလိုအပ်လာနေပါပြီ တကယ်ဆို လေကောင်းလေသန့်ကို မရှူခဲ့ကြရတာလည်း ထောင့်ကိုးရာခြောက်ဆယ့်နှစ်ခုနှစ် ကတည်းကပါပဲ။ အာဏာသိမ်းပြီးစ ညနေဟာ အကျည်းတန်လှတယ် ဘရင်းကယ်ရီယာတွေ တင့်ကားတွေက လမ်းတွေပေါ်မှာ တဘီးချင်းလှိမ့်လို့ မြင်မြင်ရာပစ်မိန့်ရထားတဲ့ စစ်သားတွေက လက်မရွံ့မျက်နှာထားတွေနဲ့ သရဲမရဲစီးလို့ စစ်ချီတေးတွေက ရေဒီယိုမှာ တကြော်ကြော် အော်ကြလို့ ဥသြမဆွဲဘဲ မောင်းလာတဲ့ မီးသတ်ကားတွေက သွေးစွန်းလမ်းတွေကို ဆေးကြောပစ်လို့ ခွေးတကောင် ကြောင်တမြီးမှမရှိတဲ့ မြို့တော်ဟာ မြို့ခံတွေရဲ့ အံကြိတ်သံကလွဲလို့ လေသံတောင် သဲ့သဲ့မကြားရဘူး အဲဒီကတည်းက ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးဟာ ခုထိလည်း ဒေါသ မပြေကြသေးပါဘူး။ ငါတို့တိုင်းပြည် ငါတို့အစိုးရနဲ့ ငါတို့ဆီက အာဏာရှင်တွေပြုသမျှ လွဲချော်မှုတွေမှာ ပြည်သူတွေ ရယ်ကြတယ် ငါလည်း ပြည်သူတယောက်အနေနဲ့ ငါတို့ပြည်သူတွေရယ်သလို ရယ်ခဲ့တယ် ဂျွန်စတိန်းဘက်ပြောသလိုပေါ့ “but when you open your mouth to laugh, something like a hand squeezes your heart” တဲ့ ငါ့ကိုချစ်ရင် ငါ့လိုရယ်နိုင်အောင်ကြိုးစားပါ ဂျနီဖာ ငါတို့ဟာ ဒီလိုရယ်နိုင်ဖို့ ခေတ်နဲ့အမျှ ကြိုးစားခဲ့ကြရတယ်။ တောင်လိုပုံနေတဲ့ အရိုးတွေကိုနင်းရင် သည်ရင်ဟာ အကြားစေ့နိုင်မလား အရိုးတွေကတော့ လှေခါးတစင်းလို ခင်းပေးကြလို့ မတရားမှုကိုဆန့်ကျင်ခဲ့တဲ့တော်လှန်ရေးဟာလည်း တရားမျှတမှုကို ချစ်မြတ်နိုးကြသူတွေရဲ့  ရင်ဘတ်တွေထဲမှာပဲရှိတော့တယ်။ ရိုးရိုးသားသား နိုင်ငံရေးသမား တယောက်တလေကိုတွေ့ရင် ပြောဖြစ်အောင်ပြောလိုက်ပါ လှည့်ဖြားခံရတဲ့မျိုးဆက်ဟာ ကမ္ဘာမကြေဘူးဆိုတဲ့အကြောင်း ခေတ်ကာလ တနံတလျားမှာ တစုံတရာကို မွတ်သိပ်နေခဲ့ကြသူတို့ သေတာထက် မြတ်တဲ့အမှုကို ကျူးလွန်ကြဦးစို့ရဲ့။ အောင်မော်ဦး ဇူလိုင် ၂၃၊ ၂၀၁၇။
↧
အောင်မော်ဦး ● လေရိုင်းရိုင်းမှာ တဖျတ်ဖျတ်လွင့်နေတဲ့အလံ
↧
ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ
ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ အိမ်အပြင်ဘက်ကို ခဏထွက်ကြည့်တော့ မြက်ခင်းတွေက စိမ်းနေပြီး ကိုယ်တိုင်ကတော့ ပြာနှမ်းနေတယ်။ ဇာတိလွမ်းစိတ်ဟာ ပန်းရောင်ဆိုပေမယ့် လှမ်းကြည့်လို့ မမြင်နိုင်တဲ့ ကိုယ့်မြို့ဟောင်းလေးထဲမှာတော့ ခရမ်းရောင်တွေ ဖိတ်ကျပေကျံလို့ပေါ့။ ကောင်းကင်ကြီးကို ခဏငေးကြည့်တဲ့အခိုက် တိမ်တိုက်တွေက ပြာနေပြီး ကိုယ်တိုင်ကတော့ မှိုင်းလို့ ညို့လို့။ လေပြေညင်းရဲ့တိုးတိုက်မှုဟာ ပါးလွှာတဲ့ အရေပြားထဲကို ကျည်ဆန်တတောင့်လို ထိုးဖောက်လာပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားဖို့ လေတွေရှူသွင်းလိုက်တိုင်း ပြန်ထွက်လာတဲ့လေမှာ ကျန်းမာရေးဟာ ပြန်ပါမလာခဲ့ဘူး။ အနှုတ်တွေ မတွေးမိဖို့အားထုတ်ရင်း အပေါင်းတွေနဲ့ မပေါင်းသင်းဖြစ်ခဲ့တာဟာ ဝေဝေဝါးဝါး ဆက်ဆံရေးတွေက စခဲ့တာပါပဲ။ မတောင်းပဲရလာတဲ့ နေ့ရက်တွေထဲ တောင်းဆိုထားတဲ့ ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ ယမ်းနံ့ပျောက် သေနတ်ဖောက်သံစဲနေရုံလောက်နဲ့ လုံလောက်လို့လား။ ဂီတကီးနူတ်စ်တွေမပါတဲ့ စကားလုံးတွေထဲ မွန်းတည့်ချိန်တွေဟာလည်း မှောင်မည်းလို့။ ကြုံရာရထားစီးရင်း ရောက်ရာဘူတာမှာ ဆင်းဖို့ပြင်ခဲ့ပေမယ့် ခရီးစဉ်က တွဲချော်ခြင်းမှာ လွဲချော်ခဲ့ပါတယ်။ ခရီးသွား ဟန်လွှဲခြင်းအတတ်ကို သင်ကြားတတ်မြောက်ပြီးတဲ့အခါ ကိုယ်ဟာ နှုတ်လုံလာခဲ့သလို စကားပြောကောင်းသူတွေနဲ့ စကားမပြောတတ်တော့ပါ။ ဆောင်းယွန်းလ (ဇူလိုင် ၂၅ ရက်၊ ၂၀၁၇)
↧
↧
ထွန်းဝင်းငြိမ်း ● သူကြီးဘုရား
ထွန်းဝင်းငြိမ်း ● သူကြီးဘုရား (မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၇ တထွာပြရုံနဲ့ တလံမက တွေ့လိုက်ရပါပြီ။ အောင်မြင်တဲ့ အရွေ့လို့ ပြောနေကြပါသလား။ အင်အားကြီးသူတို့ အလိုတော်အရ ခွဲမထွက်ရ။ လက်မှတ်မထိုး မနေရ။ အိမ်ကြက်ချင်း အိုးမဲသုတ်ရ။ ယန်ဟီးလီကို ဆန့်ကျင်ရ။ သန်းခေါင်ထက်ညဥ့်နက်မယ့် အလုပ်တွေ လုပ်ရ။ မဲပြာပုဆိုးပေါ်မှာ ချုပ်ရိုးအသစ်တွေ ပေါ်လာကြ။ အနာဂတ်ကို တောတိုးဖို့ ခါးကျိုးမတတ် ထမ်းခဲ့ကြပါတယ် အရေပြားတွေသာ ကျွပုခုံး ထ လာရ ဘာအကြွေးမှ မတောင်းခဲ့ကြပါဘူးလေ။ ငြိမ်းချမ်းရေး တရားသံ တရွှမ်းရွှမ်းနဲ့ ငါတို့ ကံကြမ္မာအား သူတို့ ဖန်တီးကြချေပြီ။ ညီလာခံကမ်းနဖူးမှာ တရားထူးရသူတို့ ဝတ်ကောင်းစားလှ ဘယက်ဒွါဒယာ စာချုပ်တို့မာယာနဲ့ အတိတ်မေ့ခြင်း နိုင်ငံတော်အား နီယိုဖက်ဆစ်တို့၏ ဦးဆောင်မှုနဲ့အညီ တတိယအုပ်စု အဖေါ်ပြုကာ ယောယုဝသို့ ချီတက်လေပြီ။ အိပ်မက်တွေ မိုးခေါင်ပေမယ့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးများ ပို့သသော မေတ္တာများဖြင့် တနေ့တခြား ကြီးထွားလာသော စစ်ပွဲတို့သည်ကား ပို၍ ပို၍သာ ခန့်ငြားထယ်ဝါ လှပေစွ။ ။ ထွန်းဝင်းငြိမ်း ၂၇၊ ၇၊ ၂၀၁၇
↧
မြတ်လှိုင်း ● ညကို တိတ်တဆိတ်အမှောင်ချလိုက်ခြင်း
မြတ်လှိုင်း ● ညကို တိတ်တဆိတ်အမှောင်ချလိုက်ခြင်း (မိုးမခ) ဇူုလိုင် ၂၉၊ ၂၀၁၇ ဒီညမှာတိတ်ဆိတ်ခြင်းကို အမှောင်ချလိုက်တယ်၊ ငါ့ရဲ့တမ်းတစရာအခန်းကျဉ်းလေးရေ ဘယ်ရာသီမှာချန်နေရစ်ခဲ့လဲ အတွင်းနဲ့အပြင်ဆိုတဲ့ အထားအသိုကို ငါတွေးလိုက်မိ၊ အပြင်ဖက်မှာ အိပ်မက်တွေကလမ်းလျှောက်နေတယ် အတွင်းမှာတော့ ကြယ်ကြွေတွေရေတွက်ပြီးကောက်နေရ ခေတ်ကြီးက အမြီးအမောက်မတည့်တဲ့ ခုနှစ်စဉ်ကြယ်တွေနဲ့ ကခုန်နေကြရဲ့။ ငါ့အခန်းကျဉ်းလေးထဲ မင်းဝင်လာခဲ့ပါ၊ ပိုးစိုးပက်စက်လှနေတဲ့ မြစ်တစ်စင်းကို ငါတို့ပခုံးပေါ်ထမ်းပြီး၊ ပစ္စက္ခကို ပန်းချီဆွဲချင်တဲ့အခါ လှိုင်းမရှိတဲ့ ဝတ်လစ်စလစ်ပင်လယ်သေက ငါတို့ကိုမနာလိုဖြစ်နေလိမ့်မယ် သဘာဝတရားဆိုတာ ဥပဒေမရှိဘူးကွဲ့ လွတ်လပ်မှုနဲ့ ရိုင်းစိုင်းမှုကို ပေါင်းစပ်ထုဆစ်ပြီး လောကတစ်ခုကိုပြုလုပ်ထားတယ်။ ဒီအခန်းကျဉ်းလေးထဲမှာ ကြမ်းရှရှအနမ်းနဲ့ အစာမကြေတဲ့ဘဝကို ရက်ရက်စက်စက် လှလိုက်တယ် လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုဆို ဒါပါပဲ။ ပြင်ပမှာတော့ လမ်းလျှောက်နေတဲ့ အိပ်မက်ခြေထောက်တွေ မလုံခြုံဘူးကွဲ့၊ ချောက်ကမာယာဆန်တယ် အနာတွေပြင်းပြင်းထန်ထန်ရနေတဲ့ နှလုံးသားထဲက ညိုပျစ်နေတဲ့ သွေးတွေအန်ချလိုက် တိုက်ခတ်နေတဲ့လေက မြို့ကြီးတွေကို လိပ်စာမဲ့ဖြန့်ဝေလိုက်တယ် ဆေးရုံမှာ ခွဲစိတ်ကုသဖို့ အချိန်မရလိုက်ခင်မှာပဲ အနာဂါတ်တွေကို ပန်းအဖြစ်ပွင့်ပေးလိုက်တယ်။ ငါကတော့ ဒီအခန်းကျဉ်းလေးထဲမှာ လရောင်ကို မီးရှို့နေတဲ့ကားစင်ပေါ်က တေးသံကိုနားထောင်ရင်း ဒီညကို တိတ်ဆိတ်ခြင်းနဲ့ အမှောင်ချပစ်လိုက်တယ် လွမ်းစရာတော့ကောင်းပါရဲ့ ကောင်မလေးရေ။ ။ မြတ်လှိုင်း
↧
အောင်ဝေး ● ညိုမီ ဂုမ္ဘာန် ညများ
အောင်ဝေး ● ညိုမီ ဂုမ္ဘာန် ညများ (မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ မင်းနှုတ်ခမ်းတွေက ညှို့ငင် မင်းမျက်လုံးတွေနဲ့ ပစ်လွှတ်လိုက်တဲ့ အနှစ်နှစ်အလလ အမြစ်စွဲနေတဲ့မြေကြီးကိုမှ ခွဲခဲ့ရတဲ့သစ်ပင်ကို အဲဒီမြားကို နှလုံးသားက ဆွဲနှုတ်ရတဲ့အခါ ဒါဟာ ဒီညပျက်ကြီးရဲ့ ပထမဆုံးခွက်ပေါ့။ ဒဂုန်တာရာအတွက် တစ်ခွက် မြသီတာမြစ်ကြီးအတွက် တစ်ခွက် ခရမ်းရောင် ပင်စီပန်းများအတွက် တစ်ခွက်။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ မနက်မလင်းခင် မက်ခဲ့ဖူးတဲ့အိပ်မက်ကိုပဲ အက်ကွာရီဂျာ နဲ့သန့်စင် ပြုပြင်ခဲ့ ဖာထေးခဲ့ ရွှေထက်လက်ရှတဲ့ လခမြညတွေ ပပကြိုးကြွတွေ မိခင်နို့ထက်ဖြူတဲ့ငှက်တွေ ငါတစ်ဦးတည်းပိုင် မြင်းရိုင်းရဲ့လမ်းမှာ ရွှေတောင်ကြီးလဲပြို ပင်လယ်မုန်ယိုလှိုင်းကြမ်း မြစ်တို့လည်း မဝှမ်းကြ ပန်းနုရောင်နှစ်ကာလများထဲလေ အဲဒီလိုနဲ့ မြရာပင်ထက်က ကြယ်တွေကြွေသက်ခဲ့ကြပါပကော။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ ငယ်ငယ်တုန်းက ရိုးလည်းရိုးသားပါရဲ့ လည်ကတုံးကော်လံ တိုက်ပုံပင်နီ လီနင်ဓာတ်ပုံ ဘားဒေါ့ပုံလဲ ပါသပေါ့ ဒီဇင်ဘာ ၂၀ ကိုပင် တက္ကသိုလ် ရွှေရတုသဘင်ဇာတ်ခုံပေါ်တင်ခဲ့ အရင်းကျမ်းနဲ့ ကိုးခန်းပျို့တွေခေါင်းအုံးအိပ်ခဲ့ ကံ့ကော်ဝါရိပ် လရောင်ပြာရိပ်ကနေ ဆိတ်ဖလူးရနံ့တွေထဲအထိ မိမိနဲ့ မိမိရဲ့ မှန်ကူကွက်များ လှုပ်ရှား သက်ငြိမ် အဲဒီနရသိန်ကြီးအတွက် တစ်ခွက်။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ ဟောဒီမြေပြင်ကွက်လပ်ကြီးပေါ့ ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး ကိုယ့်ပခုံသားပေါ် ကိုယ့်ဝိညာဉ်ကိုယ်တင်ထမ်း သေခြင်းရဲ့နှုတ်ခမ်းကို ကိုယ့်နှုတ်ခမ်းအပ်လို့ ဒိုင်ယာလက်သစ် မမှားဘူး။ ပင်မရေစီးမမှားဘူး အိပ်မက်ရဲ့မှားခြင်းနဲ့ မှားခြင်းရဲ့အိပ်မက်ကြား တို့အထဲက တချို့အကောင်တွေကလည်း အပျိုရည်အမှေးပါးလို စုတ်လွယ် ပြဲလွယ်နဲ့ ဂျီးလပ်စ် တစ္ဆေကလည်း အဲဒီမှာချောက်လှန့် ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ အရေးထဲ သူ့ရင်အုံက လှံကိုနှုတ်ပေးဖို့ ကိုယ့်နောက်ကျောထိုးစိုက်နေတဲ့ဓားကို ကိုယ်မေ့လျော့ ကိုယ့်လေညင်းကို ကိုယ်ကာကွယ်ဖို့ သူခုခံနေတဲ့ မုန်တိုင်းကို ကိုယ်မေ့လျော့ မျှော်လင့်ခြင်းဆိုတာလည်း ပန်းအိုးထဲ အမြစ်တွေ ကျုံ့ပြီး ခေါင်းငုံ့သွားတာကိုလည်း ကိုယ်မေ့လျော့ အမှတ်တရ ကျောက်တုံးမှာရေးဖို့ ကိုယ့်နာမည်ကိုလည်း ကိုယ်မေ့လျာ့ အဲဒီအကြောင်းတွေကိုပဲ တစ်ခါတစ်ခါ ငါမေ့လျော့ အဲဒီမေ့လျော့ခြင်းများအတွက် တစ်ခွက် ။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ အသက်တွေက မငယ်ကြတော့ဘူးလေ ဂျင်းဘောင်းဘီထဲဝတ်လို့ ဂျီအင်အာ တီရှပ်ထဲဝတ်လို့ ကန္တာရစီးကရက် ခဲလို့ ရေစီးကြောင်းက တော်လှန်ပြောင်းလဲသွား မျိုးဆက်သစ်များခြားနား လမ်းလျောက်ဖိနပ်ထဲ ခြေထောက်တွေထည့်ထည့်ပြီး ဟဲဗီးရော့ခ် ဒီဇီုင်းနဲ့ ဘဝကိုသမိုင်းဆိုင်ရာ အိတ်စုတ်ကြီးထဲထည့်ထည့်ပြီး တစ်က ပြန်စတဲ့ ဇာတ်ညွှန်းမှာ ဖီးနစ်ငှက်က မျက်ရည်ကျတဲ့ ညတစ်ည ခိုးယူခြင်းအရာမှာ ငါ့ထက်သာသူ ဟဲလို ပရိုမီးသီးယပ်စ် သင်နဲ့ပေါင်းပြီး ဒေါင်းတစ်ကောင်နဲ့ပျားရည်တစ်အိုး ပြန်ခိုးယူရမယ့်အခန်း ကြမ်းချင်ကြမ်းမယ် လွမ်းချင်လွမ်းမယ် စိမ်းလန်းသော ဟောဒီရင်အုံမှာ ဝန်ခံပါရဲ့ ငါကတော့ ဂရမ်မာ ကိုတစ်ဖန်ပြန်ပြီး ရွက်လွှင့်ချင်သူပေကပဲ ။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ အရင်လိုကောင်းကင်အောက် အဖန်ဖန်ပြန်ရောက်လာတဲ့မြစ်တွေထဲ ဘယ်မြစ်ဟာ ငါပါလိမ့်ဆိုပြီး ပင်လယ်ရင်အုံကို နာကျင်ရုံသာသာလေး ခေါင်းနဲ့ထိုးထိုးပြီး တိုးတိုးလေး ငိုနေရတဲ့ညတွေ နေ့တွေ တကယ်တော့ ငါပြန်လာတာဟာ ရည်းစားဦး အံဝှက်ထဲကိုပါ ငါစီးဆင်းနေတာက ခပ်ရိုင်းရိုင်းစည်းချက်နဲ့ ကချေသည်ရဲ့ လှိုင်းပုခက်မျိုး အဲ့ဒီမှာ မွန်ရိုးရဲ့မြစ်တွေအတွက် ငါ့တစ်ဘ၀လုံးဟာ တစ်ခွက်စာဆိုရင် အဲဒီတစ်ခွက်စာကိုပဲ အဲဒီမြစ်တွေအတွက် တစ်ခွက်။ ညီမလေး ညိုမီဂုမ္ဘာန်ရဲ့ ငြိမ်းချမ်းရေးအနမ်းများပေပဲ […]
↧
↧
ဝါကျဖြူ ● တွဲလျောင်းဆွဲထားတဲ့ မှောင်ရိပ်တွေ
ဝါကျဖြူ ● တွဲလျောင်းဆွဲထားတဲ့ မှောင်ရိပ်တွေ (မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၇ သစ်ရွက်တွေကွယ်ထားတဲ့ထဲမှာ မြို့တော်ကိုတွေ့နေရသလိုမျိုးပဲ။ အမှတ်ရစရာ အကျင့်ထဲမှာ အမှောင်ရိပ်က မကျသေးဘူး ဝိညာဉ်တွေက လူခေါ်ဆိုင်းတွေ တီးနေကြပြီ။ ဖမ်းစားဖို့ လူငယ်ရဲ့သွေးတွေ ဆေးရုံခုတင်ခြေရင်းမှာ စီးကျပြီး ပန်းတွေပွင့်လို့။ အကုန်မြန်လိုက်တာ ပြူတင်းဘောင်ပေါ် တက်မလာသေးတဲ့ နေလုံးက ချက်ချင်းပဲ မှောင်ရိပ် အခက်အလက်ထဲတိုးဝင်ခဲ့။ အဝတ်စွပ်ခြင်းခံလိုက်ရတဲ့ ညတွေ ဝိညာဉ် အူသံတွေကို သူတို့အာသာပြေဖို့ ငါတို့အိပ်ရာကထလာခဲ့ရတယ်။ လင်းဆွဲတွေပြောင်းပြန်ချိတ်ထားတဲ့ညတိုင်းမှာ ဝိညာဉ် အူသံနဲ့အတူ တယောက်ယောက်အရိပ်ဟာ တံခါးကို လာ လာ ခေါက်တယ်။ အနာတရကျားတကောင်ရဲ့လမ်းမှာ သွေးစက်၊ အနံ့၊ ခြေရာ၊ မျိုးတုံးပျောက်ကွယ်မှု၊ ဒဏ်ရာ၊ အနာတရ၊ ဆေးရုံ၊ အကျဉ်းထောင်၊ စိတ္တဇ ဆေးရုံ။ အဲဒီ တွဲလျောင်းကျနေတဲ့ ကြိုးကို ဖြတ်ချလိုက်ကြပါတော့။
↧
ကိုပွေး ● ကော်ရော်လာရီ
ကိုပွေး ● ကော်ရော်လာရီ (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ ငြိမ်းချမ်းရေးအမှတ်အသားက လက်မောင်းမှာ လက်ညှိုးက တကွေးကွေးနဲ့ ကိုယ်သိပ်ရောက်ဖူးချင်တဲ့ ရောမဟာ မီးခိုးတလူလူ ကမ်းစပ်မှာငါးမန်းတွေ ကျောချင်းရင်ချင်းကပ်နေတုန်း မချစ်တတ်တဲ့ စပျစ်သီးက ချဉ်တယ် တကယ်ဆို နွယ်ပင်ကပန်းဆိုတော့ မြင့်တယ် နွဲ့တယ် မြက်ပင်လေးရဲ့ချစ်စိတ်ကြောင့် မြက်ရိတ်ဓားတွေ အိပ်ကုန်ပြီ စိတ်ကြောင့်ဖြစ်တဲ့ စစ်ကို စိတ်နဲ့ ပစ်မှရမယ်။ ။ ကိုပွေး ဇွန် ၁၀၊ ၂၀၁၇
↧
ယောဟန်အောင် ● မွန်မ ယောက်ျား ချော့ချင်း
ယောဟန်အောင် ● မွန်မ ယောက်ျား ချော့ချင်း (ဤကဗျာကို မွန်သံဝဲ၍ ဖတ်ပါ) (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ သတိရလွန်းလို့ပါ သူဖတ်နိုင်မှာ မဟုတ်ပေမယ့် ဒီကဗျာ ငါရေးတယ်၊ မိစွိုက်ဒဲ ငါ့ပဌာန်းဆက်ငဲ့ ဒီကနဲ … လွမ်းပလပ်နေတယ်။ မဂဒူး ဟင်းရွက်စေ့နှိုက်တဲ့ အိပ်မက်နဲ့ မြို့ကြီး ဒဂုံ (း) ကို တက်လာတယ် ၃- ရက်နဲ့ ပြောင်းလဲပြီဆိုသကိုး ဒီကနဲ ယုံ (း) မိတာပေါ့။ ခုချိန်ထိ ဒီမြို့ကြီးမှာ နေမထိ၊ စားမထိပါ ကိစ္စအကုန် ပူထိတယ်၊ ဘယ်ကြေ့ကြေ့ (ကြည့်ကြည့်) ကားတွေပိတ်တယ်၊ တက်လမ်းတွေ ပိတ်တယ် စီးပွားပိတ်တယ် လက်တလုံးခြား သွားတဲ့ကောင်ပဲ ရှေ့ကိုရောက် သောက်နိုင်စားနိုင်သူတွေက ဂျင်းကောင်တွေ စတစ်ကော်လာ တထောင်ထောင်နဲ့။ ရန်ဂုန် (း) မှာ စွမ်းအင်ကုန် (း) လာပြီ မိန်းမ ဘယ်သူ့ကို ယုံ (း) လို့ ယ (း) ရမှန်းမသိ အခုက လူတွေ မျက်နှာဖုံးတွေနဲ့ချည်း ပြုံးလားမသိ၊ မဲ့လားမသိ ကိုယ့်အသိတွေတောင် မမှတ်မိတော့ဘူး။ မြို့ကြီးသားတွေလို ဘယ်သူလာလာ “စိတ်ပျက်တယ်ဗျာ” လို့ စ နှုတ်ဆက် ဒါက ခေတ်သစ်နှုတ်ဆက်ပုံ (း) ဖြစ်လာတယ် ပညတ်သွားရာ ဓာတ်သက်ပါနေတာပေါ့။ ဒီလိုနဲ့ သိပ်သတိရလာရင် ဒူးနှစ်ဖက်ကိုကွေး ခေါင်းအုံးကြီးကို ပါးနဲ့ ငါ သွေးနေရတယ်၊ ဒုက္ခသည်တွေလို ခိုလှုံ (း) ရာငတ်နေတယ် ဗိုလ်ကျခံရတဲ့ ကလေးလို အိမ်ကို အပြေးပြန် တိုင်ချင်နေပြီ ရာသီတုတ်တွေး ဆိုးပုံနဲ့ ငါတို့ ပြန်မဆုံ (း) ဘူး ဖြစ်သွားမယ်နော်… မိစွိုက်ဒဲ။ ပြန်လာတော့မယ် မိန်းမ… ဆည်းလည်းလှိုက်သံ ကြားချင်လှပြီ နင့်ရယ်သံ ကြားချင်လှပြီ။ ငါတို့ ရယ်ကြမယ် ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)* ၊ ငါတို့ ရယ်ကြမယ် ပုဆိုးကို ပတ်ချာလည် လှည့်ဝတ်တဲ့ ရွှေဗမာ (ဟမယ်) တွေ လည်ပုံအကြောင်း ကောင်းကောင်းပြောပြ ငါတို့ ရယ်ကြမယ်။ ဘွတ် ရွှတ်နဲ့ အကျအန ဝတ်ကောင်းစားလှနဲ့ မြို့အထွက် လမ်းမထက်မှာ ဗွက်စင်ရေနစ် ရေဒူးဆစ်ထဲ ငါအရှက်ကွဲတာ ပြောပြီး ရယ်ကြမယ် ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)၊ ငါတို့ ရယ်ကြမယ်။ ဦးဒယ်ဂရိုင် (အဲဒးဂြိုင်) တို့ရွေးထားတဲ့ အမတ်တွေကွယ် သင်ပုန်းကြီး အပြိုင်အဆိုင်အော်ကျက်လို့ ဦးဒယ်ဂရိုင် (အဲဒးဂြိုင်) လော်ဘီတွေကွယ် မြိုင်မြိုင်ဆိုင်ဆိုင် ဖာလိုက်ကွဲလိုက်။ ငါပြန်လာတော့မယ်… ဘယ်လိုမှ အစားထိုးမရပါ မက်ဆင်ဂျာ တခါတလေနဲ့ အဆာမပြေပါဘူး မိစွိုက်ဒဲ…။ ဈေးထဲ ငါးဥတွေ ပေါပြီပေါ့ ကဒတ်ဥ ပျော့ချွဲချွဲနဲ့ ပင်စိန်းဟင်း အနံ့ရလာ မျှစ်စိမ်း ဒညင်းသီး ဇင်ပြွန်းသီး ငါ လျှာရည်လည်အောင် သတိရနေပါပြီ မိန်းမ။ အိမ်ပြန်လာတဲ့အခါ ကြောင်လိမ္မာလေးလို ခေါင်းဝှေ့ အသံပေး သူ့နောက်က ပြေးလိုက်နေမှာပေါ့။ အိမ်ပြန်လာတဲ့အခါ ခြုံတွေ ငါခုတ်ပါ့မယ် ငရုတ်တွေ ငါခူးပါ့မယ် နင်မောလာရင် တဖက်လှည့် ဇက်ကျောကို ကိုယ်တိုင်ဆွဲပါ့မယ် မဟောသဓာ စိတ်နဲ့ […]
↧
ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ
ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ သို့သော်လည်းနဲ့ ဒါပေမဲ့တွေ စာဖွဲ့နေရတုန်းပဲ။မကြားခဲ့ဖူးဘူး။ မမြင်ခဲ့ဖူးဘူး။ မပြောခဲ့ဖူးဘူး။ မသိခဲ့ဘူးသလို “ဘူး”တွေသာဆောင်တတ်လာတယ်။ အိုတောင် မဆင်းရဲဖို့ဆိုတာတော့ ဆက်သွယ်မှုဧရိယာ ပြင်ပမှာတဲ့။ “ဝင်း – ဝင်း” တွေ တောက်စားကြတဲ့ ဝင်းဝင်းတောက်သမားများရဲ့ အယူတော်မင်္ဂလာမှာ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေက စ,ရသတဲ့။ ဒါကလည်း “စစ်တပ်ကို စိတ်နဲ့ မပစ်မှားနဲ့” ဆိုတာရဲ့ သံတူကြောင်းကွဲအဖြစ် သမိုင်းတွင်ရစ်တယ်။ ရေဗူးဖေါက်နေတဲ့ သူတွေကို လက်ပိုက်ကြည့်ဖို့ တရားချရင်း ရေပါတာပဲ လိုချင်သူတွေအတွက်ဆို မျက်နှာချိုသွေးနေရတဲ့ ကာလကြီးပါ။ ခွေးလည်း ခွေးမို့၊ လူလည်း လူမို့ နတ်လည်း နတ်မို့၊ ဘတ်စ်လည်း ဘတ်စ်မို့ ကျပ်မပြည့်တဲ့ အရွေ့တွေကြုံရတိုင်း ခေါင်းထောင်ကြည့်နေရတဲ့ ဘဝ မျှော်လင့်ချက်တွေခမျာ အိပ်ရေးပျက်နေခဲ့တာ ကြာပေါ့။ ထွန်းဝင်းငြိမ်း ၂၊ ၈၊ ၂၀၁၇ “ဝင်း – ဝင်း” = “Win – Win” ဘတ်စ် = ဘတ်စကား = Bus
↧
↧
ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ
ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ (မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇ ဝဲစားတွေက ဝဲကုတ်ခြင်းအကြောင်း ဆွေးနွေးကြ အားပါး တရ ပျော်ရွှင်စွာ။ ဝဲကုတ်ခြင်းဖြင့် ခေတ်မီတိုးတက်သော လူ့ဘောင် ထူထောင်ရန် ကြွေးကြော်ကြ။ ဝဲကုတ်ခြင်းသည် ဇိမ်ခံနိုင်သော လူမျိုးရဲ့ပစ္စည်း ဝဲရောဂါ အစ တို့လူမျိုးက။ ဝဲကုတ်ခြင်း နည်းစနစ်များ ဝဲကုတ်ခြင်းဥပဒေသများ ပြုစုကြ ပြဋ္ဌာန်းကြ ဝဲကုတ်ခြင်းအခွင့်အရေးအတွက်။ ဝဲရောဂါ ပျံပွားရေး စီမံချက်များ ရေးဆွဲကြ စည်းရုံးလှုံ့ဆော်ကြ ဟောပြောစည်းရုံးကြ။ ဝဲမရှိသူ ဝဲမကုတ်ရ တားဆီးကြ ပိတ်ပင်ကြ။ ဝဲစားတွေနေသော နေရာ ဝဲစားနေရာ ဝဲစားတွေနေသော တိုင်းပြည် ဝဲစားတိုင်းပြည် ဝဲစားတွေရေးတဲ့ ကဗျာ ဝဲစားကဗျာ အခု…. ခင်ဗျားဖတ်နေတာ။ ။ ကမ်လူဝေး
↧
ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း
ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၆ ည အ ကာလ မဟုတ်ပေမယ့် နှစ်ကာလများစွာ ဆန္ဒမဲ့ ငြိမ်ဆိတ်နေခဲ့ရတဲ့ ည ရှိသမျှကြယ်စင်တို့နဲ့ လမင်း အလင်းကို အတင်းကာရံထားခံထားရတဲ့ ည သောကတွေ ဒဏ်ရာတွေနဲ့လျှာနဲ့သပ်ရင်း ချဉ်းနင်းလာမယ့် ချစ်ခြင်းတွေကိုမျှော်ကြ “ကမ္ဘာမကြေဘူး- ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ…” လှိုင်းလုံးတွေမောက်ကြွ အားကိုးသံ, အားပေးသံတွေ ဟုန်း ဟုန်း ထခဲ့ပေါ့ ရှစ်ရက်- ရှစ်လ- ရှစ်ဆယ့်ရှစ် ပါ ကမ်းခြေမှာ အပန်းဖြေတာမဟုတ်ပါ အာဏာဆိုတာ ပြည်သူ့ လက်ထဲမှာဆိုတာပြတဲ့ ပွဲ ကြားနေရေးမဲတွေကို ပုတ်ချ စက်သေနတ်တွေဘက်ဆီ ရင်ကော့တက်ချီသွားတဲ့ ပွဲ သားတော် အစဉ် မြေးတော် အဆက် မြစ်တော် အညွန့် တလွန့်လွန့် ထိုးတက်နေဦးမယ့် ရာဇဝင်မနက်………။ (ကျဆုံးခဲ့ပြီးလေသော ရဲဘော်များနှင့် ရင်းနှီးခဲ့ရ ဘဝများစွာအား အလေးပြုလျက်) ။ ချိုစိမ့်/ ဇေမှိုင်း။ (မိုးမခ၏ မိတ်ဆွေ ကိုချိုစိမ့် (ဇေမှိုင်း) ကွယ်လွန်ကြောင်း ကြားသိရလို့ မိုးမခက ၀မ်းနည်းကြောင်း မှတ်တမ်း ပြုအပ်ပါသည်။ အမှတ်တရ သူ့ကဗျာကို ပြန်လည် တင်ဆက်လိုက်ပါသည်)
↧
မောင်ဖေသက်နီ ● ကဗျာဆရာ ချိုစိမ့်ရဲ့ နောက်ဆုံးခရီးထွက်ခြင်း
မောင်ဖေသက်နီ ● ကဗျာဆရာ ချိုစိမ့်ရဲ့ နောက်ဆုံးခရီးထွက်ခြင်း (မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇ ကဗျာဆရာ (ကို) ချိုစိမ့် ဆုံးသွားပြီတဲ့ ….. ဟုတ်မှဟုတ်ရဲ့လားဆိုပြီး ကျုပ်လက်ကို ကျုပ်လက်သည်းနဲ့ တို့ဆိတ်ကြည့်ခဲ့ရ …..။ ဆုံးပါးသွားခဲ့တာ ကြာပြီဖြစ်တဲ့ (ကဗျာဆရာကြီး) (ဦး) တင်မိုးက (သူ မကွယ်လွန်မီက ပြောခဲ့တဲ့စကားရှိခဲ့တယ်) “ပြည်သူတွေက ချစ်တဲ့သူတွေ အသက်တိုကြသတဲ့ ……” “ပြည်သူတွေက မုန်းတဲ့သူတွေ အသက်ရှည်ကြသတဲ့ ……” (ဆရာ ဦးတင်မိုးရဲ့စကားဟာ အမှန်တကယ်ဖြစ်နေလေပြီပ)။ ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးချမ်းသာအတွက်၊ အလုပ်လုပ်ပေးခဲ့တဲ့ ချိုစိမ့်ဟာ (စစ်အုပ်စုရဲ့ မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့ နရသိန်အကျဉ်းထောင်တွေထဲ အဓမ္မအကျဉ်းချခံခဲ့ရ၊ ဒီလိုနဲ့ သူ့ခန္ဓာကိုယ်ထဲ ရောဂါဝေဒနာတွေပူးကပ်ပြီး ဝေဒနာအမျိုးမျိုး စွဲကပ်ခံစားခံခဲ့ရ၊ နရသိန်တွေက လွတ်မြောက်လာခဲ့ပြီး ယိုယွင်းလာနေတဲ့ သူ့ကျန်းမာရေးကို ကုသနိုင်ဖို့ သူဟာ နိုင်ငံရပ်ခြားကို ထွက်ခွာလာခဲ့ရ၊ သူ့ ဘဝအတွက် တိုင်းတပါးမှာ ခိုလှုံနေခဲ့ရ၊ အဲသလို တိုင်းတပါးမှာ နေထိုင်နေခိုက်မှာ (သူဟာ) သူ ချစ်မြတ်နိုးခဲ့တဲ့၊ ချစ်မြတ်နိုးနေတဲ့ မြန်မာပြည်နဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကောင်းမွန်တဲ့ အနာဂါတ်ကို ခံစားနိုင်စေဖို့ ကြိုးစားနေခဲ့ရ၊ သူဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး (အဘ) သခင်ကိုယ်တော်မှိုင်းရဲ့ မြေးတော်စပ်သူ (ကဗျာဆရာ ချိုစိမ့်ဟာ) စစ်အုပ်စုတွေရဲ့ မတရား ဖမ်းဆီးမှု၊ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်တွေကြောင့်နဲ့ ရောဂါဝေဒနာတွေကို ခံစားနေခဲ့ရ၊ အဲသည့် ရောဂါတွေကုသ နိုင်ဖို့အတွက် ဒီလိုနဲ့ နော်ဝေနိုင်ငံ ခိုလှုံနေထိုင်ရင်းနဲ့၊ ဒီလိုနဲ့ လီလီဟမ္မားမြို့မှာ နေထိုင်နေရင်းနဲ့၊ မနေ့က ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် (စနေနေ့ ည ၁ဝး၄၅ နာရီမှာ) သူနေထိုင်တဲ့မြို့မှာ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ရ။ ကဗျာဆရာ ချိုစိမ့်ဟာ (သူ့အဖိုး “အဘ သခင်ကိုယ်တော်မှိုင်း” လိုဘဲ သူချစ်ခင်မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ကြိုးစားလုပ်ကိုင်နေရင်းနဲ့ ဖမ်းဆီးခံခဲ့ရ၊ မြန်မာပြည်ထဲက နရသိန်ထောင်အများအပြားထဲမှာ ချုပ်နှောင်ခံခဲ့ရ၊ ဒီလိုနဲ့ ပြည်ပမှာ ခိုလှုံနေထိုင်ရင်းနဲ့ (၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် စနေနေ့ညမှာ သူနေထိုင်ရာ နော်ဝေနိုင်ငံ လီလီဟမ္မားမြို့ရဲ့ ဆေးးရုံတခုမှာဘဲ သူချစ်ခင်မြတ်နိုးတဲ့ သူ့နိုင်ငံ၊ သူချစ်ခင်မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားတွေ၊ သူ့ စာဖတ်ပရိတ်သတ်တွေနဲ့ မြန်မာပြည်သူပြည်သားတွေကို ထာဝရနှုတ်ဆက်ခွဲခွာခဲ့ရပါပြီ။ ။ (ကဗျာဆရာ ချိုစိမ့်တယောက် ကောင်းရာဘုံဘဝရောက်ပါစေ)
↧
ယောဟန်အောင် ● မအေးသောင်းတို့ ရပ်ကွက်
ယောဟန်အောင် ● မအေးသောင်းတို့ ရပ်ကွက် (မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇ သူငယ်မရယ် ယမန်နေ့ကို ချန်ထားရစ်ပြီပဲ ငါတို့လာတယ်၊ ငါတို့ မဲပေးတယ် ငါတို့ ပြောင်းလဲခဲ့တယ်လေ။ ဒါပေမယ့် ဒီရပ်ကွက်မှာ ဇာတ်လမ်းတွေ၊ ဇတ်ကြမ်းတွေ မနေ့ကလိုပဲလား နံနံစော် ပြိုပြိုလဲ သူတို့လို လူတန်းစားတွေ တဲတွေကြား မွေးထားတဲ့ ဝက်တွေက ဟိုသွားသည်သွား တဲအိမ်တွေ တစ်လုံးနဲ့တစ်လုံး သူ့ကိုယ်မှီ ကိုယ့်သူမှီနဲ့ ဘဝတွေ ပခုံးချင်း ကျားကန်ထားကြရ။ ဒီရပ်ကွက်မှာ ကလေးတွေက ပိန်တယ် သစ်သီးတွေက ပိန်တယ် ကြက်ပေါင်တွေ၊ သားငါးတွေက ပိန်တယ် ဟင်းရွက်တွေက ဈေးပေါင်ကျိုးချိန်လို ညှိုးပိန်လှီတယ်။ ဒီအရပ်မှာ သူတို့က အိမ်ရှင်ဆိုလည်း ဟုတ်သလို၊ ဧည့်သည်ဆိုလည်း ဟုတ်တယ် လိပ်ပြာလို အိပ်မက်နဲ့လာပြီး ပိုးဟပ်လို ခိုကပ်နေရသူတွေ အိုးအိမ် ပျက်သုဉ်းလာသူတွေ မဟုတ်ကြပေမယ့် သင်္ဘောပျက် ပျဉ်စတွေ ကမ်းဆိုက်ကြ ဒုက္ခသည်ဘဝ ရောက်နေရပြီ။ ထမင်းချိုင့်လေးတွေ ဆွဲပြီးလာတယ် မိုးမလင်းခင်လာတယ် ဖယ်ရီကားပေါ် ငိုက်မြည်းလာတယ် မီးခိုးခေါင်းတိုင်မဲ့ စက်ရုံတွေမှာ သူတို့ပဲ လောင်စာ၊ ခေါင်းမီးတောက် တလူလူ သူ့တို့အနာဂတ်က ပြာပူပူ သူတို့ကို ငါးသေတ္တာတွေလို တူရာတူရာ စီတယ်၊ သလဲသီးထဲက အစေ့တွေလို စီစီရီရီ။ စီစီရီရီ ချုပ်သားတွေနဲ့ အထည်ချုပ်ရုံကြီးမှာ သူတို့ကိုယ်တိုင်က စက်ယန္တယားဖြစ် မှောင်မဲညစ်ညစ် ချောင်ထဲမှာ [ထောင်တံတိုင်းထဲ အသက်ရှူရသလို] အလုပ်ဆိုင်းတွေက နေ့နဲ့ည … နေ့နဲ့ည … ချားရဟတ်ကြီးလို ဒုက္ခကြီးကြီးတွေနဲ့ လည်တယ်။ ချုပ်ကြောင်းဖြောင့်ဖို့ ကြိုးစားရပေမယ့် သူတို့ဘဝတွေက မဖြောင့်ကြဘူး ဒီရွာမှာ ငွေစုမိတဲ့ သူငယ်မ ပြစမ်းပ၊ အကြွေးကင်းတဲ့အိမ် ပြစမ်းပ၊ မသေဘူးတဲ့အိမ်က မုန်ညင်းဆီရချင်ရမယ် သူတို့က အဖတ်ဆယ်မိတာ မရှိသေးသလောက်ပဲ။ အုန်းအုန်းသည်းသည်း မိုးမဲရွာချရင် သူတို့မျက်ရည်တွေလည်း အိုင်ထွန်းပြီးလွှမ်းတယ်။ နင်းတယ် ချုပ်တယ် သူတို့ခြေထောက်တွေ လက်တွေက တရစပ်ချုပ်တယ် နင်းတယ် နှိပ်တယ် မာဆတ်ပါလာထဲ သူတို့ လက်ကြောတင်းတင်း နှိပ်တယ်နင်းတယ် သူတို့ကို သူတို့ စက်ရုပ်လား၊ လူလား မခွဲခြားနိုင်တော့ဘူး သူတို့ အိပ်မက်တွေ ဖြူဖျော့လာတယ် သူတို့ အသားအရေ ဖြူဖျော့လာတယ်။ သူတို့က အာဟာရ မပါတာတွေ စားတယ် ဘေထုပ်နဲ့ အသက်ရှင် ဗိုက်ဝရင်ပြီးရော စားတယ် စက်ရုံကြီးက သူတို့ကို စုတ်ယူနေပုံများ မျက်လုံးတွေက အရောင်မလက်နိုင်တော့ဘူး ဝမ်းမစိုကြတဲ့ကြား တိုးရင်းပေါင်းကြွေးတွေ သံသရာလည်း ခါးတော့ ပွဲတော်တွေကို ထားခဲ့ရပြီ မှားတယ် မှန်တယ်လည်း မစဉ်းစားချင်ဘူး သံသရာလည်း ဒါပဲ၊ နိဗ္ဗာန်လည်း ဒါပဲ ဇိမ်ခံဖို့ဆိုရင် ဘီလ်နည်းနည်းဖြည့် လိုင်းပေါ်တက် ဟိုကြည့်သည်ကြည့်မျှ။ မြေဘုတ်ငှက်ကလေးတွေ ကောင်းကင်ကြီးကို လွမ်းသလိုပ သူတို့ရွာကိုလွမ်း၊ မိဘတွေကိုလွမ်း ဝင်းပတဲ့ ထွက်စ.. နေကို လွမ်းတယ် ငယ်ဘဝ ကန်သင်းရိုးတွေကို လွမ်းတယ် ကောက်သစ်စားပွဲတွေကို ပြန်နိုင်ဦးမှာ မဟုတ်ဘူး။ လှံတွေ မိုးကျလာတာ တစ်လက်ပြီးတစ်လက် သူတို့ရပ်ကွက်က မြေနိမ့်တယ် ဂျင်းထည့်တဲ့ကောင်တွေက ခပ်ကြွားကြွား ကိုယ်ပိုင်ကားတွေရပ်ပြီး အမဲလိုက်တယ် ရွှေဆွဲကြိုးနဲ့ကောင်… စကားမပီတဲ့ကောင်တွေက ကျော့ကွင်းလာထောင်တယ် […]
↧
↧
စိုးခိုင်ညိန်း ● နှစ်အဆွေးများ
စိုးခိုင်ညိန်း ● နှစ်အဆွေးများ (မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇ ၁၉၉၀ ပြည့်လွန်နှစ်ကာလများတဝိုက်၊ ကျွန်တော် ရှစ်နှစ်သားအရွယ်မှာ မြို့ကို ရောက်လာတယ်။ စာတောင် ကောင်းကောင်း မဖတ်တတ်သေးသော အချိန်ကာလပေါ့။ အတန်းစာတွေ စသင်ရတယ်။ အဲဒီမှာ မြန်မာစာဘာသာမှာပါတဲ့ ကဗျာတွေနဲ့ စတင်ထိတွေ့ရတယ်။ ကဗျာကို အဲဒီအချိန်ကစပြီး စိတ်ဝင်စားတယ်လို့ ဆိုရမယ်။ သူကိုယ်တိုင်ကလည်း ရေစကြို နေရှိန် ဆိုတဲ့ကလောင်နဲ့ စာတွေရေးတဲ့ မြန်မာစာသင်တဲ့ ဆရာတော်တပါးဆီမှာ လေးချိုး၊ ဒွေးချိုး၊ သံပေါက်၊ လင်္ကာ၊ တေးထပ်၊ လေးလုံးစပ် စသည် ကဗျာဖွဲ့နည်းတွေ သင်ယူရတယ်။ အဲဒီကတည်းက နတ်ရှင်နောင်၊ ရာဇဓာတုကလျာ၊ ပြည်နဝဒေး၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောသာရ၊ စတဲ့ သူတို့ရဲ့ကဗျာများကို ဖတ်ရမှတ်ရတယ်။ သင်ပြတဲ့သူက သူတို့ရဲ့ ကဗျာများကို ဥပမာပြုကာသင်ပြတာကြောင့် ရှင်တေဇောသာရရဲ့ ရွှေရုပ်သွင်ကဗျာကို အတော်လေး စွဲလန်းခဲ့ရတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ပုလဲတကန့် ရွဲတကန့်နည်းနဲ့ရေးထားတဲ့ မြတ်မျိုးမြင့်မှန်ဆိုတဲ့ကဗျာကိုလည်း အခုချိန်ထို မမေ့နိုင်သေးပါဘူး။ နောက် ဆရာကြီး မင်းသုဝဏ် ကဗျာပေါင်းချုပ်၊ မင်းသုဝဏ်ရဲ့ကဗျာတွေ၊ နောက် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ဝတ္ထုစာအုပ် တွေဖတ်မိရာမှ ဝတ္ထုထဲမှာ ပါ ပါလာတတ်တဲ့ ကဗျာတွေကိုကြိုက်မိရာမှ ပထမဆုံး သောကခြေရာ ရတနာကဗျာစာအုပ်ကို ဝယ်လိုက်တယ်။ အဲဒီစာအုပ်ထဲက ကဗျာအတော်များများကို သုံးလေးငါးခါလောက်ဖတ်ရုံနဲ့ အလွတ်ရသည်အထိ ကြိုက်နှစ် သက်ခဲ့တယ်။ အဲဒီကတည်းက သူ့ပုံစံတွေအတုခိုးကာ အချစ်ကဗျာတွေ အများကြီးရေးခဲ့ဖူးတာပေါ့။ ကဗျာက အဲဒီကနေ စ ပါတယ်။ အဲဒီနောက်မှာတော့ မန္တလေးတောင်ပြင်မှာနေနေတဲ့အချိန် အဆောင်မှာအတူတူနေတဲ့သူတယောက်က မော်ဒန်ကဗျာတွေ ဖတ်ပြီး ကြိုးစားရေးနေတာပါ။ သူ့ကလောင်က လင့်ခါးတဲ့။ ကျောက်ဆည်က လင်းခါးမဟုတ်ပါဘူး။ အဲဒီအချိန်ကစပြီး မဂ္ဂဇင်းထဲကကဗျာတွေကို သတိထားဖတ်ဖြစ်ပြီး ကိုယ်တိုင် မော်ဒန်ကဗျာတွေ ရေးဖြစ်တော့တာပါပဲ။ ကိုယ်အမြဲတမ်း ဖတ် ဖြစ်တဲ့ မြားနတ်မောင်မဂ္ဂဇင်းကို ကဗျာမဖြစ်သေးတဲ့ ကိုယ့်ကဗျာတွေအတော်များများ ပို့ဖြစ်ခဲ့ပါတယ်။ တပုဒ်မှ မပါခဲ့ပါဘူး။ အဲဒီ လင့်ခါးက သူရေးရေးပြီးတဲ့အခါတိုင်း သူ့ကဗျာကို လာလာပြတယ်။ ရွတ်လည်းပြတယ်။ ဘယ်မဂ္ဂဇင်းထဲက ဘယ်သူ့ ကဗျာကတော့ တော်တော်ကောင်းတယ်ဆိုပြီးတော့လည်း အလွတ်ရွတ်ရွတ်ပြတတ်ပါတယ်။ ပန်းလှိုင်စိုး (ကျုံပျော်) ရဲ့ကဗျာ တပုဒ် သူလာရွတ်ပြတာ မှတ်မိသေးတယ်။ ကဗျာတွေဖတ်ပေမဲ့ ကဗျာဆရာတွေရဲ့ နာမည်တွေကို မှတ်မှတ်သားသား မရှိတတ်သေးတဲ့အချိန်ပါပဲ။ မြားနတ်မောင်ထဲက ကဗျာတွေကိုဖတ်နေပေမဲ့ အကုန်လုံးနားလည်တဲ့ကဗျာတွေ မဟုတ်ပါဘူး။ ကိုယ်နားလည်ပြီး လွယ် ကရရိုးရှင်းတယ်ထင်ရတဲ့ ကဗျာမျိုးတွေပဲ စိတ်ထဲမှတ်မှတ်ထင် ရှိတာမျိုးပါ။ အဲဒီနှစ်မှာပဲ လင့်ခါး ကခေါ်လို့ တောင်သမန် လူထုဒေါ်အမာပွဲကို ပထမဆုံး ရောက်ဖူးတာပါပဲ။ ညမှာ သွားတာမဟုတ်ပါဘူး။ မနက်လင်းမှ သွားကြတာပါ။ မယ်ဇယ်ပင်ရိပ်တွေအောက်မှာ သူအုပ်စုနဲ့သူ ၀ိုင်းဖွဲ့စားသောက် ကဗျာတွေအော်ဟစ်ရွတ်ဖတ်နေကြတာ တွေ့ရပါတယ်။ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်သေးလို့ ဘယ်ကဗျာဆရာတယောက်မှလည်း မသိပါဘူး။ ခပ်လှမ်းလှမ်းကပဲ မယောင်မလည်နဲ့ မျှော်ကြည့်ငေးကြည့် အားကျနေရုံလောက်ပါပဲ။ ကဗျာဆရာတွေ အတော်များတာပဲလို့ တွေးမိပြီး ကိုယ် ဖတ်ဖူးတဲ့ကဗျာတွေပဲဖြစ်မှာပဲလို့ အောက်မေ့မိတယ်။ မဂ္ဂဇင်းထဲမှာ ပုံတွေ့ဖူးလို့ ကဗျာဆရာ အောင်ဝေးကိုတော့ ပထမဆုံး အရှင်လတ်လတ်ကြီး တွေ့လိုက်ရပါတယ်။ ဘေးက လင့်ခါးကိုလက်တို့ပြီး ဟေ့ရောင် အဲဒါ အောင်ဝေးကွလို့ ကိုယ်က ခပ်တိုးတိုးပြောပြီး ဆရာကြီးလုပ်လိုက်ရသေးတယ်။ […]
↧
သန်းဌေးမောင် ● လွမ်းတယ်လို့မှတ်
သန်းဌေးမောင် ● လွမ်းတယ်လို့မှတ် (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇ အသက်ကငါးဆယ့်ကိုးခြောက်ဆယ် မြင်စိတ်ကလေးပေါ်လာရင် ဖြစ်လာတဲ့စိတ်ကို ချချရေးတယ် လွမ်းရင် လွမ်းတယ်ပေါ့ တောင်ညိုပြာပြာတွေကြည့်ရင်း လွမ်းတာကရိုးနေပြီ မိုးတွေညို့လာရင် လွမ်းတာ ကော်ဖီသောက်ရင်း လွမ်းတာ လာဗဲန်ဒါပန်းတွေတွေ့တဲ့အခါ လွမ်းတာ ပန်းသီးပင်အောက်မှာ ကြောင်လေးတစ်ကောင် ထိုင်နေတာတွေ့ ရင် လွမ်းတာ၊ ဒါတွေဟာ ကမ္ဘာမြေဆွဲအားနဲ့ မဆိုင်ဘူး အလွမ်းဆိုတာ အချစ်မြစ်ဖျားခံရာ မျိးရိုးဗီဇကလာတာ၊ နာရီကြည့်ကြည့် ပြက္ခဒိန်ကြည့်ကြည့် အလွမ်းတွေပဲ တွေ့တယ် ဇိနတ္ထပကာသနီဖတ်ရင်းတောင် လွမ်းတယ်၊ အရေးထဲ ဥသြငှက်က လာတွန်နေသေးတယ် ဘူးလေးရာဖရုံဆင့်တာပေါ့ လွမ်းရင်လွမ်းတယ်လို့သာ အလွမ်းမှာ စိုးရိမ်ရေအမှတ်မရှိဘူး လွမ်းသာလွမ်း အဲဒီ အလွမ်းတွေပဲ သေရင်ငါနဲ့အတူပါသွားမှာ။ သဌမ သြဂုတ် ၆၊ ၁၇
↧
ရန်လင်းအောင် ● ၈၈
ရန်လင်းအောင် ● ၈၈ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇ လူမှန်းသိတတ်လာတဲ့ နှစ်ပေါ့ ဘီလူးမှန်း မြင်တတ်လာတဲ့ နှစ်ပေါ့ ငါ – လူမှန်းသိတတ်စ နှစ်ပဲပေါ့- အာဏာညှီနံ့ကို ရွံလွန်းလို့ ပိုးစားခြကိုက် ရာဇဝင်အမှောင်ကို ဂျင်ကလိစာကျွေးလို့ သမိုင်းအသိ သွေးသစ်လဲလို့ မုန်ယိုနေတဲ့ အာဏာကို ကျောင်းမှန်းကန်မှန်းသိစေတဲ့ နှစ် လူ့စည်း ဘီလူးစည်း ရန်ငါပြတ်တဲ့နှစ် လူရိုသေရှင်ရိုသေ ဦးညွတ်ရတဲ့ နှစ် အာဏာရူးတွေ ထောင့်ကျိုးဖို့ သွေးလက်ဆင့်ရမယ့် ၈၈_________ ။ ရန်လင်းအောင်
↧
ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇ အိပ်ချင်မူးတူး သိကြားရုပ်မှတ်လို့ဆွဲတာ ဘီလူးရုပ်ထွက်လာတယ် ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ ကျားစွယ်ကို သွားတိုက်ဖို့ ကျားလျာကို ဓာတ်ခွဲဖို့ ကျားခံတွင်းကို ခေါင်းထိုးဝင်ပေးရမှာလား ကျားသေကို အသက်သွင်းလို့ ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ မြေကမွေးသူတွေ ဓားမတို ခါးကြားညှပ်လို့ လေကမွေးသူတွေ စင်ပေါ်မှာ ဒိုင်ယာလော့တွေခြွေလို့ မီးကမွေးသူတွေ သေနတ်ပြောင်းဝကို တိုက်ချွတ်ဆေးကြောလို့ ရေကမွေးသူတွေ ဘယ်အရာနဲ့မဆိုရောနှောဖျော်စပ်လို့ ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ ၂၀၀၈ တုန်း ရေတွေကြီးတယ် လေတွေထန်တယ် ငရဲပွတ်သလို အခုကျတော့ ရေတွေကြီးတယ် မိုးမီးလောင်တယ် နင်းပြားက နင်းပြားပဲ နာဂစ်ကနေ ဆွဲဆန့်ကြည့်လိုက် အခုလည်း နာဂစ်ပဲ ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ ။ ခက်သီ ၂၈.၇.၂၀၁၇
↧
↧
အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ
အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇ ရဲဘော်မေမေကြည်ဆိုတဲ့ သစ်ခုတ်သမတယောက် ပုဆိန်တလက် လွတ်ကျခဲ့ပြီ မေမေ။ ရဲဘော်ချိုစိမ့်ထွန်းဆိုတဲ့ သစ်ခုတ်သမားတယောက်လည်း သူ့ပုဆိန် လွတ်ကျခဲ့ရပြီ မေမေ။ သူတို့လုပ်နိုင်တာ သူတို့ လုပ်ခဲ့ကြတာရယ်ပါ ဒါပေမယ့်ဗျာ သူတို့ ခုတ်ခဲ့ကြတဲ့သစ်တွေနဲ့ စစ်သားရုပ်တွေ တင့်ကားရုပ်တွေတော့ ထုဆစ်မပစ်ကြပါနဲ့လား။ လွတ်ကျသွားခဲ့ကြတဲ့ ပုဆိန်တွေမှာ ရေးလက်စ တေးတွေပါတယ် ရွတ်လက်စ ကဗျာတွေပါတယ် ခဲခဲယဉ်းယဉ်း ဖောက်ခဲ့ကြတဲ့လမ်းကို ရဲရဲတင်းတင်း လျှောက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် အချစ်တွေပါတယ်။ အညတြတို့ရဲ့ ဈာပနဟာ မထည်ဝါလှပါဘူး သူတို့ကို အမိန့်ပြန်နေကြပါပြီ သူတို့ကိုယ်ကို ဒေါင်းအလံနဲ့ အုပ်လိုက်ကြပါပြီ သူတို့မျက်လုံးတွေကို ပိတ်ပစ်လိုက်ကြပါပြီ သူ့အဘိုး မြင်မသွားရှာလေတဲ့ ငြိမ်းချမ်းရေးကို သူ့မြေးလည်း မြင်ခွင့်ရမသွားခဲ့ရှာပါဘူး အဖိုးအဖွားမှသည် မြေးမြစ်တွေဆီအထိ ယုံကြည်ခြင်းတွေကတော့ မြစ်တစင်းလို စီးဆင်းနေဆဲပါပဲ သူရဲကောင်းပီသစွာ ကျဆုံးသွားကြတဲ့ အညတြတို့ရဲ့ သင်္ချိုင်းမြေဟာ ငါတို့ရဲ့ ကောင်းကင်ဘုံပဲပ အဲသည်မှာ ဒီမိုကရေစီရရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ် အဲသည်မှာ ငါတို့ပြည်သူတွေ လွတ်မြောက်ကြရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ် သူတို့အတွက် ကောင်းချီးပေးတော်မူပါ ကိုယ်တော်ရှင် သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့ သင်တို့သည် ငါတို့နှင့်၊ သင်တို့သည် ငါတို့ကျောင်းသားတပ်မတော်နှင့်၊ သင်တို့သည် ငါတို့အရေးတော်ပုံကြီးနှင့် လုံးဝမသက်ဆိုင်တော့ပြီ ထို့ကြောင့် သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့ သင်တို့အတွက် ငါတို့ ဂုဏ်ယူ ဝမ်းနည်း ကြပါသည်။ အောင်မော်ဦး သြဂုတ်၊ ၅၊ ၂၀၁၇။
↧
မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး
မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇ အို ရဲဘော်ရှစ်လေးလုံး သင်ဟာ ရာဇဝင်တကွေ့က အခန်းပြောင်းတီးလုံး အလှပဆုံးအော်ခက်စတြာ စွန့်စားရတဲ့ မဟာဂီတ ငါတို့ ဘာလို့မေ့ပစ်ရမှာလဲ။ ရဲဘော်က အမှောင်ခါးခါးထဲ မီးကိုဆောင်ကြဉ်းလာသူ နှင်းတောထဲ မီးသွေးပို့ပေးသူ သရဖူကိုလမ်းဘေးပစ်ချသူ နွေဦးကို ဝတ်မှုန်ကူးသူ ရဲဘော်ရဲ့ ဂုဏ် အထူး အထူးကို ငါတို့ ဦးညွှတ်လိုက်ပါရဲ့။ စနစ်တကျ ရက်စက်မှုထဲ ဆွဲနှစ် ကန်ရေပြင်ထဲ ဆွဲနှစ် သွေးမြစ်ကြီးထဲ ဆွဲနှစ် မိုးလုံးပြည့် မုသာဝါဒထဲဆွဲ နှစ်လည်း ရဲဘော်က ဘယ်တော့မှ ဦးမညွှတ်တတ်ခဲ့ဘူး။ ခရီးရှည်ချီရာမှာ မြွေစား ခံရတာလည်းရှိ လှေကား လန်ကျတာလည်းရှိ မှော်ရုံတောလည်းကြုံ ဝဲသြဃလည်း ဆုံရမှာပဲ ရဲဘော်က ကောင်းစွာသင်ကြားပေးခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ရဲဘော်ရှစ်လေးလုံး လှိုင်းဖုံဖုံ ဝိုင်းအုံကြွ အဓိပတိလမ်းမှ ဗိုလ်အောင်ကျော်လမ်းမှ လူထုလမ်းမှ သွေးစွန်းဖိနပ်တွေ လမ်းဆက်လျှောက်ကြပေဦးမယ်။ မည်သို့ပင်ဖြစ်စေ ချစ်သောဝိညာဉ် မဟာအစဉ်အလာ ဧရာဝတီထုံး နှလုံးမူလို့ တပ်ဦးထိပ်က ဦးလည်မသုန် ချီတက်နေမည် ယုံကြည်တယ် အိုဘယ့် ရဲဘော်ရှစ်လေးလုံး …။ ။
↧
မောင်ကြူးရင့် ● အလံ
မောင်ကြူးရင့် ● အလံ (မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇ အလံဟာ ငါတို့ရဲ့ဝိညာဉ် ငါတို့ရဲ့အသက် အလံဟာ လူ့အဖွဲ့အစည်းရဲ့ဝိညာဉ် လူ့အဖွဲ့အစည်းရဲ့အသက် အလံဟာ သမိုင်းရဲ့ဝိညာဉ် သမိုင်းရဲ့အသက် ထီးကျိုးစည်ပေါက် အလံပျောက်ခဲ့တဲ့ နှစ်တွေ အလံကို ပြန်ပေးဆွဲခံရတဲ့နှစ်တွေ အလံလဲမကျ လူလဲကျခဲ့တဲ့ နှစ်တွေ ငါတို့အလံကို ငါတို့ပြန်ယူရမယ် ငါတို့အလံကို ငါတို့အသက်နဲ့လဲ ထာဝရထိမ်းသိမ်းရမယ် မောင်ကြူးရင့် ၈ . ၈ . ၂၀၁၇
↧